အချိန်၃မိနစ်ပေးဖတ်ပါ
******************
အခုတစ်လောတွေ့နေရတာက သံဃာတွေကို ဘာသာခြားတွေ စော်ကားတာထက် မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ
စော်ကားတာပိုများနေပါတယ်။
နာမည်ကြီးတွေ ခေတ်ပညာတတ်တွေ အနုပညာရှင်အချို့တွေရဲ့စော်ကားမှုကပိုများနေပါတယ်
သူတို့ကို ချစ်တဲ့ အားကိုးတဲ့ မသိနားမလည်သူတွေက သူတို့ဆရာသမားအလုပ်ရှင်တွေ ပြောတာအမှန်ပဲဆိုပြီး
နောက်ကလိုက်စော်ကားကြပြန်တယ်။
ဒါ့ကြောင့် စော်ကားပြီးသူတွေရော စော်ကားဘို့ ကြံနေသူတွေရောအတွက် သံဃာဆိုတာတိတိကျကျသိစေဘို့
ရှာဖွေရေးသားတင်ပြပါတယ်။
အပ္ပသာဒပဝေဒနိယသုတ် မကြည်ညိုကြောင်း ကြေညာထိုက်သော ရဟန်းအင်္ဂါ ရှစ်ပါး
၁) လူတို့ လာဘ်မရစေရန် လုံ့လပြုခြင်း
၂) လူတို့ အကျိုးမဲ့ဖြစ်စေရန် လုံ့လပြုခြင်း
၃) လူတို့ကို ဆဲဆိုကြိမ်းမောင်းခြင်း
၎) လူတို့ကို အခြားလူတို့နှင့် သွေးကွဲစေခြင်း
၅) ဘုရား၏ ကျေးဇူးမဲ့ကိုဆိုခြင်း
၆) တရား၏ ကျေးဇူးမဲ့ကိုဆိုခြင်း
၇) သံဃာ၏ ကျေးဇူးမဲ့ကိုဆိုခြင်း
၈) မသင့်တော်သော ကျက်စားရာ အရပ်၌ တွေ့မြင်ရခြင်း ဟူသော အင်္ဂါ ရှစ်ပါးနှင့်ပြည့်စုံသောရဟန်းအား
ဥပါသကာတို့သည် အလိုရှိလျှင် မကြည်ညိုနိုင်ကြောင်း အသိပေးကြေညာကုန်ရာ၏။ လူတို့ အကျိုးမဲ့စေရန်
လုံ့လမပြုခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောရဟန်းအား ဥပါသကာတို့သည် အလိုရှိလျှင် ကြည်ညိုကြောင်း
အသိပေးကြေညာကုန်ရာ၏ ဟု ဟောကြားတော်မူခဲ့သည်။
( အင်္ဂုတ္တရနိကာယ် - အဋ္ဌကနိပါတ် ရှစ်ပါးစု တရားများအပိုင်း )
တရား ခုနစ်မျိုးတို့ကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏။ အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ-
၁။ ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု {သက္ကာယဒိဋ္ဌိ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၂။ မဝေခွဲနိုင်မှု {၀ိစိကိစ္ဆာ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၃။ ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု {သီလဗ္ဗတပရာမာသ} ကို
ဖျက်ဆီးအပ်ပြီး ဖြစ်၏။ ၄။ စွဲမက်မှု {ရာဂ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။ ၅။ အမျက်ထွက်မှု {ဒေါသ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။ ၆။ တွေဝေမှု {မောဟ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။ ၇။ ထောင်လွှားမှု {မာန} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။ ဤတရား ခုနစ်မျိုးတို့ကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏ ဟုမိန့်တော်မူ၏။ (ဘိက္ခုသုတ် )
--------------------------------------------------------
ရဟန်း နှင့် သံဃာ ကွာခြားပုံ
--------------------------------
ပုဂ္ဂိုလ်တစ်ပါးချင်းကို ရဟန်း ဟုခေါ်၍ လေးပါးနှင့်
လေးပါးမှ အထက်ကို သံဃာ-ဟု ခေါ်ပါသည်။
သံဃာဟူရာ၌ မှတ် သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟု မှတ်သား၍
မြတ်စွာဘုရားလက်ထက် က အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပမှစ၍ သာသနာ
တလျှောက်လုံးနှင့် ယခုမျက် မြင်ထင်ရှားရှိသော ရဟန်းသာမဏေများအထိ မြင်ရန်လို အပ်ပါသည်။
ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟုဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ၊
သံဃဿ ဒေမ-ဟု ဆို၍ လှူလျှင် သံဃာတော်အားလုံးကို လှူရာရောက် ပါသည်။
ယင်းသို့ သံဃာတော် အားလုံးကို အာရုံပြု၍ လှူရာ၌ ဒုဿီလ၊ အလဇ္ဇီ-ဟူ၍ မရှိတော့ပါ၊ ထို့ကြောင့် ဗုဒ္ဓဘာသာတိုင်း
သံဃာတော်အား လှူဒါန်းပူဇော်တတ်ရန်နှင့် ရဟန်းနှင့်သံဃာ ကို ကွဲပြားရန် အထူးပင် အရေးကြီးပေသည်။
( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )
အရိယာသံဃာ ပရမတ္တသံဃာ သံဃာ ဆိုသည်မှာ အသိအမြင်ချင်း သီလချင်း တူညီကြသော ပုဂ္ဂိုလ် အပေါင်းကို
ခေါ်ဝေါ်ခြင်း ဖြစ်၏။ ဤ အနက်အဓိပ္ပာယ်အရ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရပြီးသော အရိယာပုဂ္ဂိုလ် ကိုသာလျှင် " သံဃာ "
ဟု မုချအားဖြင့် ခေါ်ဝေါ်ရ၏။ အဘယ်ကြောင့်ဆိုသော် အရိယာပုဂ္ဂိုလ်များ သည်သာလျှင် အချင်းချင်း မဂ်အသိအမြင်၊
ဖိုလ်အသိအမြင်၊ ပစ္စဝေက္ခဏာ အသိအမြင်ဟူသော အသိအမြင် ( = သမ္မာဒိဋ္ဌိမဂ္ဂင် ) အားဖြင့်လည်းကောင်း၊
အရိယကန္တသီလ ပြည့်စုံ စင်ကြယ်မှုအားဖြင့်လည်းကောင်း မျက်မှောက်မျက်ကွယ် အမြဲတစေ တူညီကြ၍ ပုထုဇဉ်များမှာကား
ထိုကဲ့သို့ မတူညီနိုင်ကြသောကြောင့် ဖြစ်ပေသည်။ ပုထုဇဉ်သံဃာ သမ္မုတိသံဃာ သို့သော် မဂ်ဖိုလ် ရရေးအတွက် သီလ၊
သမာဓိ၊ ပညာ အကျင့်တိုံကို စွမ်းနိုင်သမျှ ကျင့်ကြံ အားထုတ် နေကြသော ပုထုဇဉ်ရဟန်းတော်တို့ကိုလည်း အရိယာသံဃာ
တော်၏ အနွယ်ဝင်ဖြစ်၍ သံဃာတော်ဟု ခေါ်ဝေါ်ကြရ အသိအမှတ်ပြုကြရ၏။ ထို့ကြောင့်ပင် အရိယာ ရဟန်းတော်များကို
ပရမတ္ထသံဃာ ဟု ခေါ်ဝေါ် သုံးနှုန်းကြ၍ ပုထုဇဉ် ရဟန်းတော်များကို သမ္မုတိသံဃာ
( သမုတ်ထား အသိအမှတ်ပြုထားသော သံဃာ ) ဟု ခေါ်ဝေါ် သုံးနှုန်းကြ၏။
-------------------------------------------------------------
သံဃ = အရိယာပုဂ္ဂိုလ်အပေါင်း သံဃာ ဂုဏ်တော် (၉) ပါး ဘဂဝတော သာဝက သံဃော =
ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏ တပည့်သားမော် အရိယာသံဃာတော်သည်-
၁။ သုပ္ပဋိပန္နော = ကိလေသာကင်းကြောင်း ကောင်းစွာ ကျင့်ကြံတော် မူပါပေ၏။ ၂။ ဥဇုပ္ပဋိပန္နော = သာဌေမာယာ
ကင်းစင်ကွာ၍ ဖြောင့်စွာ ကျင့်ကြံတော် မူပါပေ၏။ ၃။ ဉာယပ္ပဋိပန္နော = နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော်
မူပါပေ၏။ ၄။ သာမိစိပ္ပဋိပန္နော = မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကြောင့် တုပ်ဝပ်ရိုသေ လျော်ကန်အောင် ကျင့်ကြံတော်မူပါပေ၏။
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသဘဂဝတော သာဝကသံဃော = အစုံလေးပါး သီးခြားရှစ်ဖော် မြတ်ဘုရား၏
တပည့်သားမော် အရိယာသံဃာတော်သည်- ၅။ အာဟုနေယျော = အဝေးမှ ဆောင်ယူ ပစ္စည်းကိုမူလည်း ပေးလှူခြင်းငှာ
ထိုက်တော်မူပါပေ၏။ ၆။ ပါဟုနေယျော = ဧည့်သည်ဖို့ရာ ရည်ကာစောင်ထား ပစ္စည်းများပင် စိတ်ထားစင်ဖြူ ပေးလှူခြင်းငှာ
ထိုက်တော်မူပါပေ၏။ ၇။ ဒက္ခိနေယျော = တမလွန်စခန်း ကောင်းဖို့မှန်း၍ လှူဒါန်းခြင်းငှာ ထိုက်တော် မူပါပေ၏။
၈။ အဉ္စလီကရဏီယော = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှာ ထိုက်တော် မူပါပေ၏။ ၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ
= နတ် လူ အများ ကောင်းမှုပွါးဖို့ ကြဲထားပျိုးချ တုမရသည့် ကောင်းလှ လယ်မြေ ယာမြေပမာ ဖြစ်တော်မူပါပေ၏။
အထက်ပါအဓပ္ပါယ်တွေ ဖတ်ပြီးတဲ့အခါအနှစ်ချုပ်ရမယ်ဆိုရင်သံဃာဟူသည်----
သံဃာဆိုတဲ့အဓိပ္ပါယ်က ရှင်းရှင်းပြောရရင် အဖွဲ့အစည်းတစ်ခုလို့ အဓိပ္ပါယ် ထွက်ပါတယ်။ ဒါကို ထပ်ခွဲရင် ပရမတ္ထသံဃာ၊
သမုတိသံဃာဆိုပြီး နှစ်မျိုးထွက်လာတာ တွေ့ရမယ်။ ပရမတ္ထသံဃာဆိုတာ သစ္စာလေးပါးကို ထိုးထွင်းသိပြီး ရဟန္တာအရှင်မြတ
်များကို ဆိုလိုပါတယ်။ သမုတိသံဃာဆိုတာကတော့ သိမ်ထဲမှာ ဥတ္တိစတုတ္ထကမ္မ၀ါစာနဲ့ ရဟန်းဖြစ်ခဲ့ပြီး မြတ်စွာဘုရားစကား
တော်တွေကို လိုက်နာကျင့်ကြံနေတဲ့ ရဟန်းသံဃာကို ဆိုလိုပါတယ်။ သမုတိသံဃာဆိုပေမဲ့ မြတ်ဗုဒ္ဓကိုယ်တိုင် ဒီလိုရဟန်း
ဘောင်တက်ရမယ်လို့ ညွန်ကြားတော်မူခဲ့လို့ ရဟန်းဘောင်ရောက်လာသူပါ။ ဒါဆိုရင် သမုတိသံဃာဆိုတာ နားလည်လောက်ပြီ။
ရဟန်းလောင်းအား ရဟန်းဘောင်စတတ်ချိန်မှာ ရှောင်ရမည့်တရား၊ ဆောင်ရမည့်တရားတွေ ပြောပြရပါတယ်။ အဲဒီထဲမှာမှ
ပါရာဇိကလေးပါးဆိုတာ ရဟန်းတစ်ပါးရဲ့ အသက်ပါပဲ။ ဒီတရားလေးပါး ရဟန်းတော်တွေ မကျူးလွန်မချင်း ရဟန်းပါပဲ။
နောက်ဆုံး အဲဒီရဟန်းဟာ ပြင်းပြင်းထန်ထန်ပညတ်ထားတဲ့ ဒီပါရာဇိကတရာလေးပါးကို မကျူးလွန်ပါပဲ အင်္ကျီအ၀တ်စား
ဝတ်လို့ သုံးနှစ် သုံးမိုး လယ်ထွန်ကုန်ရောင်းအလုပ်တွေ လုပ်နေစေဦးတော့။ သူဟာ သိက္ခာမချ၊ ထိုလေးပါးကို မကျူးလွန်မိ
သေးခဲ့လျှင် ရဟန်းပါပဲ။ ရဟန်းဖြစ်နေပေမဲ့ သီလတွေညိုးနေတာတော့ မပြောလိုတော့ပါဘူး။ အဓိကပြောချင်တာက
လူမဖြစ်သေးဘူးဆိုတာကို ပြောချင်တာပါ။
ထိုလေးပါးကို မကျူးလွန်မိပါပဲ သုံးနှစ် သုံးမိုးအပြင်မှာ လယ်ထွန်ကုန်ရောင်းလုပ်နေတာတောင် ရဟန်းတစ်ပါးဟု ခေါ်ဆို၍
ရနိုင်သေးလျှင်(အဆုံးစွန်ထိ ပြောပြရခြင်းပါ။) ယခုခေတ်မှာ ထိုကဲ့သို့မဟုတ်ပါပဲ သာမန်အာပတ်အပြစ်လောက်ရှိသော
ရဟန်းသံဃာများကို ပြင်းပြင်းထန်ထန်ရှုတ်ချ၊ ကဲ့ရဲ့ အပြစ်တင်နေကြသော သာမန်လူပုဂ္ဂိုလ်များ အပြစ်မည်သို့ ရှိကြမည်နည်း။
ဝိသာခါ၊ အနာထပိဏ်တို့ကဲ့သို့သော စိတ်ထားဖြင့် ဝေဖန်ထောက်ပြပါက သာသနာအတွက်အကျိုးရှိ၍ ထိုကဲ့သို့ မဟုတ်ပါဘဲ ကဲ့ရဲ့
အပြစ်တင်လိုစိတ်ထားနဲ့ ပြစ်တင်ဝေဖန် ဆဲဆိုကြမည်လျှင် ထိုသူတို့ဘ၀ မသာမယာရှိမည်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။
ရဟန်းသံဃာကိုစော်ကားခြင်းကြောင့် စီးပွါးပျက်ခြင်း၊ အနာရောဂါစွဲကပ်ခြင်း၊ အိမ်မီးလောင်ခြင်း စတဲ့ သာဓကများ
အချိန်ရပါက တင်ပြပေးပါအုံးမည်။ ထိုအတွက်ကြောင့် အမြင်မတော်တဲ့ ရဟန်း၊ သံဃာများအားဆဲဆိုအပြစ်တင်နေကြမည့်
အစား သက်ဆိုင်ရာကျောင်းတိုက်၊ သာသနာရေး၊ အာဏာပိုင်များကို ဆက်သွယ်အကြောင်းကြားကာ အရေးယူကြမည်ဆိုလျှင်
ကိုယ်လည်း အပြစ်ကင်း၊ သာသနာလည်း သန့်ရှင်းမည်ဖြစ်ပါသည်။
ထို့ကြောင့် “ ပြောမိကြံလျှင် သတိရှင်၊ ဆင်ခြင်ဥာဏ်ရှေ့သွား“ဆိုတဲ့ စကားလက်ကိုင်ထားလို့ စစ်မှန်သော စိတ်ထားဖြင့်
ဝေဖန်ထောက်ပြသူများသာဖြစ်နိုင်ကြပါစေ။
-----------------------------------------------------
ဓမ္မဘက်တော်သား ဧရာဝတီ
0 comments:
Post a Comment
ကျနော့်ရဲ့ အိမ်ကလေးကို လာရောက်ကျတဲ့ မိတ်ဆွေ သူငယ်ချင်းများ အနေဖြင့် တစုံတရာ ရရှိခဲ့မယ်ဆိုရင် အတိုင်းမသိ
ဝမ်းသာပါတယ်ဗျာ ။ လိုအပ်ချက်များနဲ့  အကောင်း အဆိုး တစုံတရာကို အားဖြည့်ပေးသည့်အနေဖြင့် မိတ်ဆွေတို့ ရဲ့
ခြေရာလေးများအဖြစ် ရေးသားပေးခဲ့ကြပါလို့ 