ခေါင်းဆောင်ပိုင်းတို့၏ တာဝန်နှင့်ဝတ္တရား
××××××××××××××××××××××
၁။ ဘာသာဥသျှောင် အိုခေါင်းဆောင်တို့
ထွဋ်ခေါင်မြတ်စွာ သာသနာ၏ တည်ရာခက်မ
ဓမ္မပစ္စယာ ထိုနှစ်ဖြာတွင်
ပညာဝန်ထမ်း ရှင်ရဟန်းတွက်
ကျမ်းတတ်ကျမ်းသင် တန်းတင်တန်းမြှောက် ထိုအထောက်ကား
ခြေထောက်တစ်ဖက် တစ်ဝက်ချသာ ရှိလေရာ၏။
သဒ္ဓါဝန်ထမ်း လူသွားလမ်းက
ထားလမ်းအချို့ ပိတ်တစ်ဆို့ကြောင့်
နို့သက်ပြတ်စ နုလအရွယ်
လူမမယ်များ တွေယောင်မှားကို
တရားနှင့်ဖက် ဟောကင်းထွက်ရန် ကျွန်ခွင့်ပန်သည်
မွေခံမျိုးမပျက်ဘို့။
၂။ နိုင်ငံဥသျှောင် အိုခေါင်းဆောင်တို့
တိုင်းဘောင်ခရိုင် ကိုယ်လျှင်ကိုယ်သည့်
ကိုယ်ပိုင်အုပ်စိုး ပြည်တစ်ရိုးဝယ်
အမျိုးဘာသာ သာသနာ၏
နောင်လာမည့်ဘေး ရင်လေးစရာ မျိုးသုဉ်းမှာကို
တွယ်ကာတက်သုတ် ကိုယ်သာလုပ်လျက်
နှုတ်ထွက်စကား မပြောကြားသော်
လက်တားတစ်ဖက် မ-တစ်ဝက်သာ ရှိလေရာ၏။
ပညာမျက်စိ လျင်းမရှိသည့်
မသိနိုးနား ပြည်သူများကို
စကားနှုတ်ရာ ထုတ်ဖွင့်ချရန်
ကျွန်ခွင့်ပန်သည် မြင်မှန်တိုးတက် ထက်စေဖို့။
၃။ လူမှုဥသျှောင် အိုခေါင်းဆောင်တို့
တည်ထောင်သင်းပင်း လူစုခြင်းနှင့်
ပွဲသွင်းလည်းချ ဒါနလည်းပွါး ဘုရားလည်းတည်
စွမ်းရည်စွမ်းစ ထိုအပြကား
ပြင်ပသာသနာ ရှုခင်းသာမို့
သဒ္ဓါမျက်စိ တစ်ဖက်မိသာ ရှိလေရာ၏။
ဘာသာစားစား ဓလေ့များ ခွဲခြားပြသင့်သေး။
ရှေ့သို့တာထား ပန်းတိုင်များ ခွဲခြားပြသင့်သေး။
စဉ်လာမပျက် မျိုးလက်ဆက်မည့်
တက်သွေးဖွင့်ကား လူငယ်များကို
ဆွဲအားတိုးမြှင့် လမ်းမှန်ဖွင့်ရန်
ကျွန်ခွင့်ပန်သည် ခြေခံချက်လက် ရင့်ကျက်ဖို့။
0 comments:
Post a Comment
ကျနော့်ရဲ့ အိမ်ကလေးကို လာရောက်ကျတဲ့ မိတ်ဆွေ သူငယ်ချင်းများ အနေဖြင့် တစုံတရာ ရရှိခဲ့မယ်ဆိုရင် အတိုင်းမသိ
ဝမ်းသာပါတယ်ဗျာ ။ လိုအပ်ချက်များနဲ့  အကောင်း အဆိုး တစုံတရာကို အားဖြည့်ပေးသည့်အနေဖြင့် မိတ်ဆွေတို့ ရဲ့
ခြေရာလေးများအဖြစ် ရေးသားပေးခဲ့ကြပါလို့ 